ဒီမိုကရေစီသည် သွင်းကုန် မဟုတ်

Thursday, January 14, 2010

NLD ပါတီ၏ အမှားတော်ပုံများ (၄)

ထို့ကြောင့်လည်း ဒေါ်စုကြည်က ဦးအောင်ကြီးအား အပေါ်စီးမှ ဆက်ဆံ ခဲ့သည်။ ထိုကာလက ပြင်ဦးလွင်ဘက်သို့ ပါတီစည်းရုံးရေး ကိစ္စနှင့် ရောက်နေသော ဥက္ကဋ္ဌ ဦးအောင်ကြီးအား အထွေထွေ အတွင်းရေးမှူး ဒေါ်စုကြည်က ဌာနချုပ်သို့ ပြန်လာရန် စာပို့၍ အကြောင်းကြားရာတွင် ဌာနချုပ်၌ အရေးကြီးသဖြင့် ဥက္ကဋ္ဌ ဦးအောင်ကြီး အမြန်ပြန်လာပါရန် ညွှန်ကြား လိုက်သည်ဟူ၍ ရေးသားလိုက်ကြောင်း သိရပေသည်။ ဥက္ကဋ္ဌလုပ်သူကို အတွင်းရေးမှူးဖြစ်သူက ညွှန်ကြားချက် ထုတ်သည့် သဘောဖြစ်နေပေသည်။
ဦးအောင်ကြီးကလည်း ခေသူမဟုတ်၊ ၂၉-၁၁-၈၈ ရက်နေ့စွဲဖြင့် ဒေါ်စုကြည်ထံ အရေးပေါ်သုံးသပ်ချက်ကို ပေးပို့ခဲ့သည်။ စာပါ အဓိကအချက်မာ ဗဟိုဦးစီး အဖွဲ့ဝင်ရှစ်ဦးသည် ကွန်မြူနစ်ဟောာင်း ကွန်မြူနစ်လိုလားသူများဖြစ်၍ NLDမှ ဖယ်ရှားပေးရန် အကြောင်းကြားခြင်း ဖြစ်သည်။ အချက်အလက်များကို အပြည့်အစုံ ဖော်ပြရလျှင် -
(၁) NLD တွင် ကွန်မြူနစ်နှင့် ကွန်မြူနစ်လိုလားသူအုပ်စု ကြီးထွား နေသည်။
(၂) အဖွဲ့ချုပ်အောက်ခြေတွင် မြေပေါ်မြေအောက် (အိုဂျီနှင့်ယူဂျီ)များ ပေါ်ပေါက်လှုပ်ရှားနေသည်။
(၃) ယင်းအခြေအနေကို အကြောင်းပြု၍ ရွေးကောက်ပွဲ နီးချိန်တွင် သက်ဆိုင်ရာက ပင်ဖျက် နိုင်သည်။ ငွေရေး ကြေးရေးကိစ္စ ဖြင့်လည်း ပါတီ ပယ်ဖျက်ခံရနိုင်သဖြင့် တိုင်းနှင့်ပြည်နယ် များတွင် စာရင်းများ စစ်ဆေးပြီး ဖြစ်သင့်သည် ။
(၄) အောင်-စု-တင် မကွဲရန် အထူးဂရုစိုက်သင့်သည် ။
(၅) အောင်-စု-တင် အဖွဲ့အတွင်းမှ ကွန်မြူနစ်နှင့် ကွန်မြူနစ်လိုလားသူဟု ယူဆရသူများကို အနားယူရန် မေတ္တာရပ်ခံသင့်သည်။
(၆) ခြေမမြဲ ၊ လက်မမြဲဖြစ်ရန် NLDတွင် အရန်အဖွဲ့ရှိသင့်သည် ။
(၇) ပြည်ထောင်စုအမျိုးသား ဒီမိုကရေစီပါတီသည် အရန်အဖွဲ့သာဖြစ်၍ NLD၏ အလံအောက်တွင် ရှိသည် ။
(၈) ပြည်ထောင်စုအမျိုးသား ဒီမိုကရေစီပါတီသည် အမျိုးသား တပ်ပေါင်းစုဝင် အဖွဲ့အစည်းတစ်ခုအဖြစ် လှုပ်ရှားမည်ဟူ၍ ဖြစ်သည်။
နောက်ပိုင်း လက်တွေ့ဖြစ်စဉ်၌ ပြည်ထောင်စု အမျိုးသားဒီမိုကရေစီပါတီသည် ဦးအောင်ကြီး၏ ခြေမမြဲ လက်မမြဲအရန်ပါတီ ဖြစ်လာသည်။ မျိုးချစ်ရဲဘော်ဟောင်းများ အဖွဲ့ချုပ်က ဦတင်ဦး၏ အရန်ပါတီဖြစ်လာသည်။ ထို့အတူ ပြည်ပြေးစိန်ဝင်း (ဒေါ်စုကြည်၏ မောင်ဝမ်းကွဲ)၏ အမျိုးသားဒီမိုကရေစီပါတီကလည်း ဒေါ်စုကြည်၏ အရန်ပါတီ ဖြစ်ခဲ့သည် ။
အဆိုပါ ဦးအောင်ကြီး၏ အရေးပေါ်သုံးသပ်ချက်ကို NLD အတွင်းမှ သက်ဆိုင် သူများက ဆတ်ဆတ်ခါ နာခဲ့ကြသည်။ ဦးအောင်ကြီးက ကွန်မြူနစ် သို့မဟုတ် ကွန်မြူနစ် လိုလားသူများဟု စွပ်စွဲခံရသူများတွင် ဒေါ်စုကြည်အုပ်စုမှ (၁) ဦးကိုယု၊ (၂)ဒေါ်မြင့်မြင့်ခင် ၊ (၃) ဦးမိုးသူ၊ (၄)ဦးဝင်းတင်၊(၅) ဦးတင်ရွှေ (မုံရွာ)၊ (၆)ဦးထွန်းတင်၊ (၇)ဦးအောင်လွင်၊(၈) ဦးချမ်းအေး တို့ ပါဝင်သည်။ ဒေါ်စုကြည်က ၄င်း၏ အမာခံတတ်သိပညာရှင်အုပ်စုမှ လူများကို စွပ်စွဲသဖြင့် ဒေါသူပုန် ထခဲ့သည် ။
NLD ဗဟို၌ အုပ်စုလွန်ဆွဲပွဲ ဖြစ်လာသည်။ ဒေါ်စုကြည်ကလည်း ၄င်းကို ဆရာကြီး လုပ်နေသော ဦးအောင်ကြီးကို ကန်ထုတ်ချင် နေချိန်ဖြစ်သည် ။ ၄င်းအုပ်စုမှ လက်ဝဲသမား တတ်သိများကလည်း ဦးအောင်ကြီးကို လုံးဝ မလိုလားပေ။ ဦးတင်ဦးအုပ်စုမှ ဦးအောင်ရွှေတို့ မျိုးချစ်ရဘော်ဟောင်းများအဖွဲ့ကလည်း ဦးအောင်ကြီးအပေါ် အာဃာတ ရှိထားခဲ့သည် ။
NLD အတွင်းကွန်မြူနစ်နှင့် ကွန်မြူနစ်လိုလားသူ ဖယ်ရှားပေးရေးတို့သည် ဥက္ကဌေ အာင်ကြီးက အထွေထွေ အတွင်းရေးမှူး ဒေါ်စုကြည်အား သဘောထားပေးသလို လုပ်ခဲ့ခြင်းဖြစ်သည်။ ထိုသဘောထားကို အထွေထွေ အတွင်းရေးမှူးက လက်မခံသောအခါ ပါတီတွင်းဂိုဏ်းဂဏအုပ်စု တိုက်ပွဲဖြစ်လာခဲ့သည်။
ဒီမိုကရေစီ ကျင့်စဉ်အရ ကြည့်လျှင် ယင်းကဲ့သို့ပါတီတွင်း သဘောထား ကွဲလွဲမှုကို ပါတီဗဟို ဦးစီးကော်မတီ အဆင့် သို့မဟုတ် ဖြစ်နိုင်ပါက ပါတီညီလာခံ အဆင့်တွင် ဆန္ဒယူပြီးမှ အဆုံးအဖြတ် ပေးရမည့် လုပ်ထုံးလုပ်နည်းရှိပေသည်။ သို့ရာတွင် ပါတီဝင်ထု၏ ဒီမိုကရေစီပိုင်ခွင့်ကို ဘေချိတ်ပြီး ဗဟို အလုပ်အမှုဆောင် ကော်မတီ အဆင့်နှင့် မဲခွဲဆုံးဖြတ်ခဲ့ကြသည်။
၃.၁၂.၈၈ရက်နေ့တွင် ဤကိစ္စနှင့်ပက်သက်ပြီး NLDဌာနချုပ် ဗဟိုဦးစီး အစည်းအဝေး၌ တင်သွင်းပြီး လျို့ဝှက်မဲခွဲ ရန်ဆုံးဖြတ်လုပ်ဆောင်ခဲ့သည်။ ဤသို့မဲခွဲရာ၌ ရှုံးသူထွက်ရမည်ဟု ကြိုတင် သဘောတူခဲ့ကြောင်း ဒေါ်စုကြည်တို့ဘက်က နောက်ပိုင်းတွင် ပြောခဲ့သည်။
ဦးအောင်ကြီး အနေဖြင့် ပါတီတွင်း ကွန်မြူနစ်ဖယ်ရှားရေးတွင် ၄င်း၏အုပ်စုဝင် ၁၄မဲနှင့်ဦးတင်ဦး အုပ်စုမှ ၁၄မဲကိုပါ ရလိမ့်မည်ဟု ကြိုတွက်ခဲ့ပုံရသည်။ ယင်းအစည်းအဝေး၌ ကွန်မြူနစ်ဟု စွပ်စွဲခဲ့ရသူများက ၄င်းတို့ ကွန်မြူနစ်မဟုတ်ကြောင်း ငြင်းကြသည်။ အချို့က လည်း တစ်ချိန်က ဟုတ်ခဲ့သည်။ ယခုမဟုတ်တော့ဟုဆိုခဲ့ ကြသည်။
မဲခွဲသောအခါ ဦးအောင်ကြီး၏ အဆိုကို ဒေါ်စုကြည်အုပ်စုမှ ၁၄မဲ၊ ဦးတင်ဦးအုပ်စုမှ ၁၄မဲနှင့် ဦးအောင်ကြီး အုပ်စုမှ တစ်မဲ (ဦးကြည်မောင်) တို့က ဆန့်ကျင်မဲပေးခဲ့ကြသည်။ ယင်းသို့ ဖြစ်ရခြင်းသည် ဦးတင်ဦးအုပ်စုမှ မျိုးချစ်ရဲဘော်ဟောင်း ဆိုသူများက ဦးအောင်ကြီးအပေါ် တင်နေသည့် အာဃာတကြောင့် ဖြစ်သည်။ ဖဆပလ နှစ်ခြမ်းကွဲသည့် ကာလ အိမ်စောင့်အစိုးရ တာဝန်ယူရစဉ် ၁၉၆၀ပြည့်နှစ်၌ ရွေးကောက်ပွဲ ကျင်းပခဲ့သည်။ သန့်ရှင်းဖဆပလ နှင့် တည်မြဲ ဖဆပလတို့ ယှဉ်ပြိုင်ကြသည်။ ကာကွယ်ရေး ဦးစီးချုပ်က တပ်မှူး များအား ဘက်မလိုက်ကြရန်နှင့် ရွေးကောက်ပွဲတွင် ၀င်မစွက်ဖက်ကြရန် ညွှန်ကြား တားမြစ်ခဲ့သည်။
သို့ရာတွင် ဆိုရှယ်လစ် ပါတီဝင် တပ်မှူးကြီးအချို့က တည်မြဲဘက်မှ ၀င်ရောက် စွက်ဖက်ခဲ့ကြသည်။ ယင်းကိစ္စ ပေါ်လာသဖြင့် တပ်မှူးအများအပြားတပ်မှ ထွက်သွားရသည်။ အချို့ကို သံအမတ် ၊ အချို့ကို စစ်သံမှူး အဖြစ်ပြောင်းရွှေ့ ပစ်ခဲ့သည်။ ထိုစဉ်က ဦးအောင်ကြီးသည်လည်း ဆိုရှယ်လစ် ပါတီဝင် (တည်မြဲဖဆပလမှ ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့၏ လူ ) ဖြစ်ခဲ့သော်လည်း ဦးအောင်ရွှေတို့ လူသိုက်သာ အပြစ်ရောက်သွားပြီး ဦးအောင်ကြီး အရေးယူမခံရသဖြင့် အစာမကျေပဲ မကျေမနပ်ဖြစ်ကာ အာဃာတ ထားရှိခဲ့ခြင်း ဖြစ်သည်။ ယခု NLD ဗဟိုဦးစီးအဖွဲ့ မဲခွဲဆုံးဖြတ်မှု ပြုရာ၌ ထိုအာဃာတ ပေါ်လာခဲ့သည်။
ဤသို့ဖြင့် ဦးအောင်ကြီးအဆို ရှုံးသွားသည်။ NLDက ၁၃.၁၂.၈၈ ရက်နေ့တွင် ဦးအောင်ကြီး အုပ်စုတစ်ခုလုံး( ဦးကြည်မောင်မှအပ ) ကို ၄င်းပါတီမှ ထုတ်ပစ်လိုက်ကြောင်း ကော်မရှင်သို့ တင်ပြသည်။ ဦးအောင်ကြီးကလည်း ကွန်မြူနစ်ဖယ်ရှားရေး ၊ မဖယ်ရေး မဲခွဲရုံဖြင့် ဥက္ကဌအဖြစ်မှ ပြုတ်စရာမလိုဟု ခြေပကာ ကော်မရှင်သို့ စာတင်သည်။ ဦးအောင်ကြီးက NLDမှ နှုတ်ထွက်မှူမပြုပဲ တင်းခံခဲ့သော်လည်း မပိုင်ဝက်မွေး သလိုဖြစ်ကာ နောက်ဆုံး အားလျှော့ပြီး ပြည်ထောင်စု အမျိုးသား ဒီမိုကရေစီပါတီကို ခွဲထွက် ထူထောင်ခဲ့သည်။ ယင်းသည် ဒီမိုကရေစီ ဟုတွင်တွင်ကြွေးကြော်နေပြီး လက်တွေ့ဘ၀၌ ဒီမိုကရေစီကျင့်စဉ် ယုံကြည်စွာ မကျင့်သုံးရဲပေ။

ဦးအောင်ကြီးအုပ်စု NLDမှထွက်သွားရခြင်း နောက်ကွယ်မှ အဓိပ္ပာယ်သည် ပါတီတွင်း၌ ကွန်မြူနစ်ပဲရှိရှိ CIA၏ ငယ်မွေးခြံပေါက် များပဲရှိရှိ ကိုယ့်အုပ်စုအင်အား တောင့်အောင် လုပ်ရေးသည်သာ အဓိက ဖြစ်လာခဲ့သည်။ ဗ က ပ အနွယ်အုပ်စုများက ဒေါ်စုကြည်၏ ပုဂ္ဂိုလ်ရေး သြဇာကိုအသုံးချပြီး ဦးအောင်ကြီးအုပ်စုအား အလဲထိုးလိုက်ခြင်း ဖြစ်သည်။ နောက်ပိုင်း၌ ဒေါ်စုကြည်သည် NLDအတွင်းတွင် လုပ်ချင်တာ လုပ်၍ ရသွားသည့်အနေအထားကိုရရှိလာခဲ့သည်။
ဒေါ်စုကြည်သည် ၄င်းနောက်၌အင်းအားရှိအောင် နိုင်ငံရေးခံယူချက် ကောင်းသူရော မကောင်းသူများကိုပါ လက်ခံစည်းရုံးထားလာသည်။ အမာခံ အင်အားအဖြစ် အရေးအခင်းကာလ ဆူပူမှုတွင် လူတွင်ကျယ်လုပ်ခဲ့သူများ ကိုတိုးချဲ့အသုံးပြုလာသည်။ ထိုစဉ်ကNLDဌာနချုပ် တက္ကသိုလ်ရိပ်သာလမ်းခြံတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လူငယ် ) အဖွဲ့နှင့် သုံးရောင်ခြယ်အဖွဲ့ဟူ၍ ၂ဖွဲ့ထားရှိခဲ့သည်။
NLD (လူငယ်) အဖွဲ့က နိုင်ငံရေးလုပ်ရန်ဖြစ်ပြီး သုံးရောင်ခြယ် လူငယ်အဖွဲ့က ဒေါ်စုကြည်၏ လုံခြုံရေးလုပ်ရန် အတွက် ဖြစ်သည်။ လူငယ်တော်တော်များများ ခြံထဲတွင်ပင် ညအိပ်ညနေ နေခဲ့ကြသည်။ ၄င်းလူငယ်များသည် အရေးအခင်းကာလ၌ ပြစ်မှူကျူးလွန် ခဲ့သဖြင့် ဥပဒေအရ အရေးယူခံရမည်ကို စိုးရိမ်ပြီး ခြံရိပ်ခိုသူများ ၊ တောတွင်း သောင်းကျန်သူအဖွဲ့များထံ ရောက်သွားပြီး တရားမ၀င် ပြန်လည်ခိုလှုံလာသူဖြစ်ကြောင်း တွေ့ရသည်။ ထိုလူငယ်များအချင်းချင်း နေရာလုမှူပြဿနာမှအစ လူမှုရေး ဖောက်ပြန်မှူ ပြဿနာများ တက်လာသည်။ နောက်ပိုင်း၌ လူငယ်အဖွဲ့ကို ပါတီထဲ ဆက်ထားပြီး သုံးရောင်ခြယ်အဖွဲ့ကို ပါတီမှ လက်တွဲဖြုတ်ခဲ့သည်။
သုံးရောင်ခြယ် အဖွဲ့ကို လက်တွဲဖြုတ်ခဲ့သည့် အကြောင်းအရင်းအမှန်မှာ ၄င်းအဖွဲ့က မြေအောက်လှုပ်ရှားမှုများ လုပ်ရင်းအချို့ အဖမ်းခံရသဖြင့် ပါတီနှင့် လာပတ်သတ်မှာ စိုး၍ဖြစ်သည်။ သုံးရောင်ခြယ်အဖွဲ့ခြံထဲမှာ မရှိတော့သော်လည်း အမှန်တစ်ကယ် အဆက်အသွယ်မပြတ်ခဲ့ပေ။ ခြံထဲသို့ အမြဲဝင်ထွက်သွားလာခဲ့ကြသည် သာဖြစ်သည်။
ယင်းဖြစ်ရပ်၏ နောက်ကွယ်မှ ဖြစ်စဉ်အရ တရားဝင်နိုင်ငံရေးလုပ်ရန် NLD (လူငယ်)အဖွဲ့ကို ထားရှိပြီး တရားမ၀င် လှုပ်ရှားမှုလုပ်ရာတွင် ပါတီနှင့် မပတ်သက်သည့် သဘော ရောက်အောင် သုံးရောင်ခြယ်အဖွဲ့ကို မွေးထားခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။ NLDသည် တပ်မတော်အစိုးရအား ရည်ရွယ်ချက်ရှိရှိဖြင့် ဆန့်ကျင်တိုက်ခိုက်ရန် အတွက်တရားဝင် နိုင်ငံရေး လုပ်မည့် လမ်းကြောင်းနှင့် တရားမ၀င်နိုင်ငံရေးလှုပ်ရှားမည့် လမ်းကြောင်းကို ချမှတ် ဆောင်ရွက်ခဲ့ခြင်းသာ ဖြစ်သည်။
ထိုလမ်းကြောင်းသည် ဒေါ်စုကြည်၏ အုပ်စုတွင်ပါဝင်သည့် ကွန်မြူနစ် ဟောင်းများနှင့် ကွန်မြူနစ် လိုလားသူများ ၏ နိုင်ငံရေးလမ်းကြောင်းပင်ဖြစ်သည်။ တိုက်ကွက် ခင်းကျင်းပုံကို ကြည့်ပါက ဗ က ပ ၏ နည်းလမ်းနှစ်သွယ် ဖြစ်သည့် မြေပေါ်မှ လက်နက်စွဲကိုင် တိုက်ပွဲဝင်ခြင်းနှင့် မြေအောက်မှ တရားမ၀င်နိုင်ငံရေး နည်းလမ်းဖြင့် တိုက်ပွဲဝင်ခြင်းဟူသည့် နည်းဗျူဟာအတိုင်း ဖြစ်နေသည်ကို တွေ့ရှိနိုင်ပေသည်။ ဦးအောင်ကြီးစွပ်စွဲခဲ့သည့် အတိုင်း NLDဗဟိုကို ဗ က ပ အနွယ်များ ၀င်စီးထားသည် ဆိုသည်မှာ အမှန်ပင်ဖြစ်ပါပေ၏။

No comments: